iPhone 6 တွင် အသုံးမပြုနိုင်သည့် Galaxy S6 လုပ်ဆောင်ချက် (၁၀) ချက်

12:58 AM


Samsung Galaxy S6 တွင် များပြားလှသည့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး အရေးပါသည့် feature အချို့ကို ချန်လှပ်ထားခဲ့သော်လည်း ၎င်းတွင် iPhone 6 ၌ အသုံးမပြုနိုင်သည့် လုပ်ဆောင်ချက် (၁၀) ချက်ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်ခြင်း

Cable တစ်ခုနှင့် ချိတ်ဆက်ရန်မလိုပဲ charger ပေါ်တွင် တင်ထားရုံဖြင့် အားသွင်းနိုင်သည့် ကြိုးမဲ့အားသွင်းစနစ်ကို Samsung က Galaxy S6 တွင် ထောက်ပံ့ပေးခဲ့သည်။ ၎င်းသည် ကားများနှင့် စားသောက်ဆိုင်အချို့တွင် တွေ့မြင်ရနိုင်သည့် နာမည်ကျော် ကြိုးမဲ့အားသွင်းစနစ်နှစ်မျိုးနှင့် အလုပ်လုပ်နိုင်သည်။ Ikea ကလည်း built-in ကြိုးမဲ့အားသွင်းစနစ် အထောက်အပံ့ပါဝင်သည့် ပရိဘောဂသစ်များကို ထုတ်လုပ်လျက်ရှိသည်။
iPhone 6 တွင် ကြိုးမဲ့အားသွင်းစနစ် အထောက်အပံ့ မပါဝင်ပါ။ ၎င်းကို case တစ်ခု၊ adapter တစ်ခု ဒါမှမဟုတ် သေးငယ်သော ကွင်းတစ်ကွင်းဖြင့် အားသွင်းနိုင်သည့်တိုင် built-in ကြိုးမဲ့အားသွင်းစနစ် ပါဝင်သည်ဟု မဆိုနိုင်ပါ။
သိုလှောင်မှုပမာဏ ပိုမိုများပြားခြင်း

iPhone 6 ကို 16GB, 64GB, 128GB များဖြင့် ရရှိနိုင်သည်။ သို့သော်လည်း microSD card slot မပါဝင်သည့် Galaxy S6 ၏ အနည်းဆုံး သိုလှောင်မှုပမာဏမှ 32GB ဖြစ်သည်။ ၎င်းသည် iPhone 6 အနည်းဆုံး သိုလှောင်မှုပမာဏထက် နှစ်ဆပိုမိုသည်။
Auto Live HDR ပါဝင်ခြင်း

Galaxy S6 နှင့် iPhone 6 တို့တွင် HDR ဓာတ်ပုံများကို ရိုက်ကူးနိုင်သော်လည်း Galaxy S6 က ဓာတ်ပုံမရိုက်မီ အခြေအနေကို ပြသပေးနိုင်သည်။ Live HDR သည် shutter ခလုတ်ကို မနှိပ်မီ အခြေအနေကို ဓာတ်ပုံရှိ အခြေအနေနှင့် နှိုင်းယှဉ်နိုင်သည်။
2K Video ကြည့်ရှုခြင်းနှင့် ဓာတ်ပုံ အချက်အလက် အသေးစိတ်ကြည့်ရှုခြင်း

Samsung Galaxy S6 တွင် 2,560 x 1,440 resolution display ပါဝင်သောကြောင့် iPhone 6 ၏ 1,334 x 750 resolution display ထက် pixel ပိုမိုသည်။ Quad-HD display သည် ဗီဒီယိုများကို မြင့်မားသည့် resolution ဖြင့် ကြည့်ရှုနိုင်သောကြောင့် အသေးစိတ်ပိုမိုတွေ့မြင်နိုင်စေသည်။ ထို့အပြင် resolution မြင့်မားသည့် screen ပေါ်တွင် ဓာတ်ပုံများကို ကြည့်ရှုသည့် iPhone 6 display ထက် ပိုမိုအသေးစိတ်ကျစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။
မိုဘိုင်းငွေပေးချေစနစ်ကို နေရာအများအပြားတွင် သုံးနိုင်ခြင်း

Samsung Galaxy S6 တွင် iPhone 6 နှင့် အသုံးပြုနိုင်သည့် Apple Pay ထက် ပိုမိုများပြားသည့် နေရာများတွင် အသုံးပြုနိုင်သော နည်းပညာသစ် ပါဝင်သည်။
Samsung Pay သည် wireless magnetic card ကို ငွေကောင်တာများတွင် အသုံးပြုနေသည့် card reader များနှင့် အလုပ်လုပ်နိုင်သည်။ ထို့အတွက်ကြောင့် ၎င်းစနစ်ကို NFC point of sale စနစ်မရှိသည့် စတိုးဆိုင် ၉၀ ရာခိုင်နှုန်းတွင် အသုံးပြုနိုင်သည်။
Apple Pay သည် NFC ကို အသုံးပြုထားသောကြောင့် သက်ဆိုင်ရာ စတိုးများတွင်သာ အသုံးပြုနိုင်သည်။
တီဗီနှင့် အခြားအရာများကို အဝေးထိန်းစနစ်ဖြင့် သုံးနိုင်ခြင်း

Samsung သည် အပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း IR feature ကို ယခင်အတိုင်း ချန်လှပ်ထားခဲ့သည်။ Galaxy S6 ထိပ်ဘက်တွင် ပါဝင်သော အရွယ်သေးငယ်သော IR balster သည် တီဗီမှ channel ပြောင်းလဲခြင်း၊ အသံ အတိုးအကျယ် ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် smart TV app နှင့် ချိတ်ဆက်ပြီး အစီအစဉ်တစ်ခုကို နှိပ်ကာ တီဗီပေါ်တွင် ကြည့်ရှုခြင်းကိုလည်း ပြုလုပ်နိုင်သည်။ ၎င်း IR blaster သည် တီဗီနှင့် sound system အများစုဖြင့် အလုပ်လုပ်နိုင်သည်။
iPhone 6 တွင်မူ IR blaster မပါဝင်သောကြောင့် Philips Pronto နှင့် Logitech Harmony Ultimate Home စသည့် ထုတ်ကုန်များကို အဝေးထိန်းစနစ်ဖြင့် သုံးရန်အတွက် ဒေါ်လာ ၅၀ ထပ်မံကုန်ကျမည် ဖြစ်သည်။
Theme များ ပြောင်းလဲခြင်း

Galaxy S6 တွင် သုံးစွဲသူမှ အရောင်များ၊ icon များနှင့် wallpaper များ ပြောင်းလဲနိုင်မည့် theme များကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် သုံးစွဲသူများသည် built-in ပါဝင်သည့် theme များအပြင် Samsung Store မှ theme များကိုလည်း download ရယူကာ အသုံးပြုနိုင်သည်။
iPhone 6 တွင် theme အတွက် built-in အထောက်အပံ့ မပါဝင်ပေ။ သုံးစွဲသူများ အနေဖြင့် jailbreak ပြုလုပ်ကာ Cydia မှ theme များကို အသုံးပြုနိုင်သော်လည်း jailbreak မပြုလုပ်လိုသူများကမူ theme ပြောင်းလဲနိုင်မည် မဟုတ်ပေ။
Ultra Power Saving Mode

Galaxy S6 တွင် ဘက်ထရီအပိုဖြင့် လဲလှယ်အသုံးပြုနိုင်ခြင်း မရှိသော်လည်း စွမ်းအင်သုံးစွဲမှု သက်သာစေမည့် feature နှစ်ခုပါဝင်လာသည်။ Ultra Power Saving mode သည် ဘက်ထရီ ၁၀% ကျန်ရှိနေပင်လျှင် စွမ်းအင်ကို တစ်နေကုန် အသုံးပြုနိုင်စေသည်။ အဆိုပါ feature ကို အသုံးပြုသည့်အခါတွင် screen ကို အဖြူအမဲ ပြောင်းလဲပြီး အချို့ feature များကို ကန့်သတ်ထားမည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် Galaxy S6 ကို လျင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်ပြီး ဘက်ထရီကို ၁၀ မိနစ်အားသွင်းရုံဖြင့် ၄ နာရီခန့် အသုံးပြုနိုင်မည် ဖြစ်သည်။
iPhone 6 သုံးစွဲသူများကမူ power saving mode မပါဝင်သောကြောင့် ဘက်ထရီ သက်တမ်း ပိုမိုရှည်ကြာရန်အတွက် ပြောင်းလဲမှုများကို manual ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
Tap နှစ်ချက်နှိပ်ကာ ကင်မရာဖွင့်ခြင်း

Samsung Galaxy S6 နှင့် ဓာတ်ပုံရိုက်ကူးလိုသည့်အခါ home ခလုတ်ကို tap နှစ်ချက်နှိပ်ရုံဖြင့် ကင်မရာကို ဖွင့်နိုင်သည်။ ၎င်းသည် screen ကို ဖွင့်ထားပြီး ဖုန်းကို lock လုပ်ထားချိန်တွင် အလုပ်လုပ်သည်။
iPhone 6 သုံးစွဲသူများကမူ ဖုန်းကို lock လုပ်ထားချိန်တွင် ကင်မရာကို ဖွင့်လိုသည့်အခါ home/power ခလုတ်ကိုနှိပ်ပြီး ကင်မရာ icon ကို အပေါ်ဘက်သို့ swipe လုပ်ခြင်းဖြင့်သာ ပြုလုပ်နိုင်သည်။
USB Accessory များနှင့် ချိတ်ဆက်ခြင်း

Samsung ထုတ်ကုန်များတွင် USB OTG ဟုခေါ်သည့် USB On The Go ကို ထောက်ပံ့ပေးထားသည်။ ၎င်းသည် သုံးစွဲသူများက ဖုန်းကို USB ထုတ်ကုန်များနှင့် ချိတ်ဆက်ကာ အသုံးပြုနိုင်စေသည်။ အသုံးပြုနိုင်သည့် ထုတ်ကုန်များတွင် USB drive, USB Xbox controller, USB to SD card reader စသည်တို့ ပါဝင်သည်။ ထို့ကြောင့် ၎င်း feature သည် storage အချို့မှ ရုပ်ရှင်နှင့် ဓာတ်ပုံများကို Galaxy S6 တွင် ကြည့်ရှုခြင်း၊ ဂိမ်းကစားရာတွင် ဂိမ်းခလုတ်ဖြင့် တပ်ဆင်ကစားခြင်း တို့ကို ပြုလုပ်နိုင်သည်။
Apple ကမူ iPhone 6 အတွက် Lightning to SD card adapter နှင့် Lightning to USB Camera adapter တို့ကိုသာ ရောင်းချပေးသည်။
Ref: Gottabemobile

Galaxy S6 နှင့် S6 Edge စမတ်ဖုန်းများကို Samsung ပွဲထုတ်မိတ်ဆက်

12:27 PM
Samsung သည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် Galaxy ဟန်းဆက်များ ဖြစ်သော Galaxy S6 နှင့် S6 Edge တို့ကို မိတ်ဆက်ပေးခဲ့သည်။
Samsung သည် Galaxy S6 နှင့် ကိုယ်ထည် ဘေးတစ်ဘက်တစ်ချက်တွင် ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy S6 Edge တို့ကို ပြပွဲတင်ဆက်သူ ၂,၀၀၀ နှင့် လည်ပတ်ကြည့်ရှုသူ ၈၆,၀၀၀ ကျော်ရှိသည့် ဘာစီလိုနာတွင် ကျင်းပပြုလုပ်သော Mobile World Congress ကုန်စည်ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ ဖုန်းနှစ်မျိုးစလုံးတွင် Qualcomm ၏ S5 ပရိုဆက်ဆာနှင့် Samsung ၏ eight-core Exynos ချစ်ပ်တို့ကို အသုံးပြုထားသည်။
ယခင် ပလတ်စတစ် ကိုယ်ထည်များအစား သတ္တုကိုယ်ထည်များဖြင့် ပြောင်းလဲထုတ်လုပ်ထားပြီး iPhone ကဲ့သို့ပင် ရွှေရောင်အမျိုးအစားဖြင့်လည်း ရရှိနိုင်သည်။ ဘက်ထရီကို ဖယ်ရှား၍ မရသောကြောင့် အပိုဘက်ထရီ ဆောင်ထားလိုသူများ အတွက် အခက်တွေ့စေမည် ဖြစ်သည်။ အားသွင်းရာတွင်လည်း ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်သည်။
Galaxy S6 နှင့် S6 Edge တွင် ၅.၁ လက်မ screen ကို အသုံးပြုထားပြီး ကျောဘက်တွင် 16 megapixel ကင်မရာနှင့် အရှေ့ဘက်တွင် 5-megapixel ကင်မရာတို့ကို အသုံးပြုထားသည်။
၎င်းစမတ်ဖုန်း နှစ်မျိုးကို ဧပြီလ ၁၀ ရက်တွင် နိုင်ငံပေါင်း ၂၀ ၌ စတင်ရောင်းချမည် ဖြစ်သည်။ ကြိုတင်မှာယူလိုသူများ အနေဖြင့် Galaxy S6 64GB အတွက် ယူရို ၇၉၉၊ 128GB အတွက် ယူရို ၈၉၉ သတ်မှတ်ထားသည်။ Galaxy S6 Edge 64GB အတွက် ယူရို ၉၄၉ နှင့် 128GB အတွက် ယူရို ၁၀၄၉ အသီးသီးကျသင့်မည် ဖြစ်သည်။
Ref: TheGuardian

ပြည်တွင်းရှိ Android OS ဖုန်းများတွင် OS Version 5.0 သို့ မြှင့်တင်ပါက မြန်မာစာစနစ်တွက် အခက်အခဲ ရှိနိုင်မည်

12:24 PM
ပြည်တွင်းရှိ Android OS စနစ်သုံး ဖုန်းများတွင် OS Version 5.0 သို့ မြှင့်တင်ပါက မြန်မာစာစနစ်အတွက် အခက်အခဲရှိနိုင် မည်ဖြစ်ပြီး ယင်းသို့ဖြစ်ရခြင်းမှာ Unicode စနစ် နှင့် Zawgyi ဖောင့်စနစ်တို့ကြား ကွဲလွဲမှုများရှိ ခြင်းကြောင့်ဖြစ်ကြောင်း LG မှ ကျွမ်းကျင်သူ ဆားဗစ်ပညာရှင် တစ်ဦးက ပြောသည်။
''Android OS ဖုန်းတွေမှာ OS Version 5.0 Lollipop ကိုမြှင့် တင်လိုက်တာနဲ့ မြန်မာစာဖောင့် စနစ်ကို အသုံးပြုတဲ့အခါမှာ Google ကနေပြီး အသုံးပြုတဲ့ Unicode ဖောင့်စနစ်ကိုပဲ အသုံးပြုရတော့ မှာဖြစ်ပါတယ်။ ပြည်တွင်းမှာကတော့ လက်ရှိအသုံးပြု နေကြသူ အများစုဟာ Zawgyi ဖောင့်တွေကိုသာ အသုံးများနေကြပြီး Unicode အသုံးပြုနှုန်းက နည်းနေသေးတဲ့အတွက် OS Version 5.0 ကို အသုံးပြုတဲ့အခါမှာ Zawgyi ဖောင့် တွေကို အမှန်အတိုင်း မြင်တွေ့နိုင်ဖို့အတွက် အခက်အခဲရှိ နိုင်ပါတယ်''ဟု အဆိုပါ ဆားဗစ်ပညာရှင်မှ ရှင်းပြသည်။
လက်ရှိပြည်တွင်းတွင် အသုံးပြုလျက်ရှိသော လူမှုကွန်ရက် စနစ်များဖြစ်သည့် Facebook, Viber, Phone Message အစရှိသည်တို့မှာ Zawgyi ဖောင့်အသုံးပြု လျက်ရှိသော စနစ်များဖြစ်ပြီး Lollipop ဗားရှင်းတွင် ထောက်ပံ့ပေးထားသော မြန်မာစာစနစ်မှာ Unicode စနစ်ဖြစ်ခြင်းကြောင့် ပြည်တွင်းရှိ ဇော်ဂျီဖောင့် စနစ်သုံး ဝက်ဘ်စာမျက်နှာများအား Lollipop ဗားရှင်းဖြင့် အသုံးပြုမည် ဆိုပါက မြန်မာစာဖောင့်များအား အမှန်အတိုင်း မြင်ရမည်မဟုတ်ပဲ ဖောင့်လွဲချော် နေခြင်းများဖြစ်နိုင်ကြောင်း သိရသည်။
''လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ Facebook, Viber လို စနစ်တွေဟာ Zawgyi ဖောင့်စနစ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းတွေမှာ အသုံးပြုနေတဲ့ Message စနစ်တွေဟာလည်း Zawgyi စနစ် တွေဖြစ်တဲ့အတွက် Lollipop ကို အသုံးပြုချိန်မှာ အခြား ဖုန်းတွေကနေပို့တဲ့ Message တွေကိုလည်း အမှန်အတိုင်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Unicode ကို အသုံးပြုထားတဲ့ Government Website တွေနဲ့အခြား Unicode စနစ်သုံး ဝက်ဘ်ဆိုက် တွေမှာဆိုရင်တော့ Lollipop ဗားရှင်းနဲ့ဆိုရင် အမှန်အတိုင်း မြင်တွေ့ နိုင်ပါတယ်။
Unicode စနစ်အား အသုံးပြုရာတွင် စာရိုက်ရာ၌ အခက်အခဲ များစွာမရှိနိုင်ပဲ မြန်မာစာ သင်ကြားမှု ပုံစံများတိုင်းပင် အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ အနေဖြင့် Zawgyi တွင် မြန်မာဟု ရိုက်ရာ၌ ရရစ်မဟု ရိုက်ရသော်လည်း Unicode စနစ် ဖြင့် အသုံးပြုမည်ဆိုပါ မရရစ်ဟု စာသင်ကြားခဲ့သည့်အတိုင်း ရိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tags: Android OS

အင်တာနက်အသုံးပြုခကို ၅၀ ရာခိုင်နှုန်းခန့် လျှော့ချ

12:17 PM

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ အင်တာနက် အသုံးပြုခကို မတ်လ ၄ ရက်မှ ၃၁ ရက်အထိ ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အင်တာနက် အသုံးပြုခ ၅၀ ရာ ခိုင်နှုန်း လျှော့ချပေးခြင်းသည် ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများ အတွက်သာဖြစ်ပြီး မိနစ်အလိုက် ပေးဆောင်နေသည့် အင်တာနက် အသုံးပြုသူများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး၏ ဆွေသဟာ ဝန်ဆောင်မှု၌ 1 MB လျှင် ၁၅ ကျပ် သတ်မှတ်ထားသော်လည်း ပရိုမိုးရှင်း ကာလအတွင်း ၅၀ ရာခိုင်နှုန်း လျှော့ချပေးထားသည့်အတွက် 1MB လျှင် ၇ ကျပ်နှင့် ပြား ၅၀ သာ ကျသင့်မည်ဟု သိရသည်။
အထူးခြားဆုံးအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ယခင်က အင်တာနက် အသုံးပြုသူများကို 1GB Plan အထိသာ အသုံးပြုစေခဲ့သော်လည်း ယခုအခါ 5GB Plan ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း၊ အဆိုပါ 5GB Plan ကို ပရိုမိုးရှင်းကာလအတွင်း အသုံးပြုမည်ဆိုပါက 1MB လျှင် ၅ ကျပ်နှုန်းသာ ကျသင့်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေး အော်ပရေတာများအနက် အင်တာနက် အသုံးပြုနိုင်သည့် Plan များကို Ooredoo က အမြင့်ဆုံး ပေးအပ်ထားပြီး အဆိုပါအမြင့်ဆုံး Plan မှာ 10 GB ဖြစ်ကြောင်း၊ တစ်လတာအတွင်း အသုံးပြုရမည်ဖြစ်သည့် အဆိုပါ အမြင့်ဆုံးသော Plan ကို Ooredoo က ၅၅,၉၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခင်က 400 MB Plan နှင့် 1 GB Plan သာ ရှိခဲ့သော်လည်း တပေါင်းလပြည့်နေ့ကို အကြောင်းပြု၍ 5 GB Plan ကို စတင်မိတ်ဆက်ပေးခဲ့သည့်အပြင် မတ်လ တစ်လတာ ကာလအတွင်း ၎င်းတို့၏ အင်တာနက် အသုံးပြုသူများအတွက် ဈေးနှုန်းများကိုလည်း ၅၀ ရာခိုင်နှုန်းဝန်းကျင် လျှော့ချပေးခဲ့သည်။
400 MB Plan အတွက် ယခင် က ၅,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပရိုမိုးရှင်းကာလအတွင်း ၂,၈၀၀ ကျပ် အဖြစ်သို့လည်းကောင်း၊ 1 GB Plan ကို ယခင်က ၁၀,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပရိုမိုးရှင်း ကာလအတွင်း ၆,၅၀၀ ကျပ် အဖြစ်သို့လည်းကောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။
အဆိုပါ PLan များသည် ရက် ၃၀ အတွင်း အသုံးပြုရမည့် Plan များဖြစ်ကြပြီး အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် 5 GB Plan ကိုမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
Tags: MPT

အရွယ်ကြီးမားသည့် iPad ထုတ်လုပ်မှု နှောင့်နှေးဖွယ်ရှိကြောင်း Apple ပြောကြား

12:12 PM
ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည့် Apple ၏ အရွယ်ကြီးမားသော iPad ကို မကြာမီကာလ အတွင်း အသုံးပြုနိုင်ဖွယ် မရှိသေးကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
Apple သည် iPad Pro ဟုခေါ်ဆိုကြသည့် ၁၂.၉ လက်မ tablet အမျိုးအစားကို ယခု သုံးလပတ်တွင် စတင်ထုတ်လုပ်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့ကြသော်လည်း အဆိုပါ ထုတ်ကုန် ထုတ်လုပ်မှုမှာ စက်တင်ဘာလမှသာ စတင်ဖွယ်ရှိကြောင်း ကုမ္ပဏီ၏ အစီအစဉ်နှင့် နီးစပ်သူ တစ်ဦးက Bloomberg ထံ ပြောကြားခဲ့သည်။
ဆက်လက်ပြီး Wall Street Journal ကလည်း Apple အနေဖြင့် အရွယ်ကြီးမားသည့် iPad ထုတ်လုပ်မှုကို ယခုနှစ် ဒုတိယနှစ်ဝက်မှသာ စတင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် Apple သည် ၎င်း၏ ထုတ်ကုန်သစ်တွင် လျင်မြန်သည့် အချက်အလက် လွှဲပြောင်းမှု နည်းပညာ ဖြစ်သော USB 3.0 ကို အသုံးပြုရန်နှင့် USB port များထည့်သွင်းရန် စဉ်းစားနေကြောင်း Wall Street Journal တွင် ဖော်ပြခဲ့သည်။
Apple ၏ ၁၂.၉ လက်မ iPad သည် Macintosh ကွန်ပျူတာများကို သုံးစွဲသူများအား ဆွဲဆောင်မှု ရှိစေပြီး tablet ရောင်းအားကို မြင့်တက်စေလိမ့်မည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။
iPhone ရောင်းချမှုနှုန်း မြင့်တက်နေချိန်တွင် iPad ၏ ရောင်းအားမှ ကျဆင်းလျက်ရှိပြီး သုံးစွဲသူများက screen အရွယ်ကြီးမားသည့် စမတ်ဖုန်းများကို ရွေးချယ်လာသောကြောင့် iPad ရောင်းချမှုနှုန်းသည် စတုတ္ထသုံးလပတ်တွင် ကျဆင်းခဲ့ကြောင်း သိရသည်။
Apple သည် iPad Air 2 နှင့် iPad Mini 3 ကို အောက်တိုဘာလက မိတ်ဆက်ပေးခဲ့သော်လည်း ၎င်း tablet သစ်များက သုံးစွဲသူများကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
Ref: CNET

Google၏ဝန်ဆောင်မှုအသစ်များ တွင်မြန်မာစာစနစ်ထောက်ပံ့ပေးရန်စီစဉ်

12:12 PM
Google ၏ ဝန်ဆောင်မှုအသစ်များတွင် မြန်မာစာစနစ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Google ၏ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Mr.Divon Lan ကပြောသည်။
“ကျွန်တော်တို့ မြန်မာနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ တစ်မျိုးပြီးတစ်မျိုး မိတ်ဆက်ခဲ့သလို နောင်လည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် Google Map, မြန်မာဘာသာနဲ့ အသုံးပြုနိုင်တဲ့ ဂျီမေးလ် အစရှိသဖြင့်ပေါ့။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း ထုတ်ကုန်တစ်မျိုးချင်းစီကို မိတ်ဆက်ပေးသွားမှာပါ” ဟု ပြောကြားသည်။
လက်ရှိ Google အနေဖြင့် google.com.mmm, Google map, Gmail, Android Version 5.0 (Lollipop), Chrome Browser နှင့် Google Translate တို့ကို မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။ Google မှ ထုတ်သော ထုတ်ကုန်များ အားလုံးနီးပါးကို မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Google ၏ ထုတ်ကုန် အသုံးပြုသူများအနေဖြင့် ၉၅ ရာခိုင်နှုန်းခန့်မှာ အမေရိကန်နိုင်ငံ ပြင်ပမှဖြစ်သည် ဟုသိရသည်။ “ဘယ်နိုင်ငံက အသုံးများသလဲဆိုတော့ တစ်ကမ္ဘာလုံးက သုံးနေတာဆိုတော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ ၉၅ ရာခိုင်နှုန်းလောက်က US ရဲ့ ပြင်ပကနေ သုံးနေတာပါ။ ဘယ်နေရာက ဘယ်လောက်လဲ မသေချာပေမယ့် အာရှမှာ ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံတွေက အသုံးပြုသူများတဲ့ နိုင်ငံတွေပါ။ ထိုင်း၊ ဗီယက်မ်နမ်တွေရော ပါတယ်” ဟုပြောကြားသည်။
Google အနေဖြင့် မကြာသေးခင်က (ဖေဖော်ဝါရီ ၂၅ ရက်) ပြည်တွင်းရှိ Gmail အသုံးပြုသူများ မြန်မာဘာသာစကားဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန်ဆောင်ရွက်ခဲ့သည်။
Gmail အသုံးပြုသူများအနေဖြင့် မြန်မာဘာသာစကားသို့ ပြောင်းလဲအသုံးပြုလိုပါက Language Drop Menu မှ Setting ထဲသို့ဝင်၍ Myanmar Language ကိုနှိပ်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။၂၀၁၃ ခုနှစ်က google.com.mm ကို စတင်မိတ်ဆက်ခဲ့သည်။ google.com.mm ပြီးလျှင် လက်ရှိမိတ်ဆက်ခဲ့သော Gmail သည် မြန်မာနိုင်ငံ၏ စတုထ္ထမြောက် ထုတ်ကုန်ဖြစ်ကြောင်း၊ မိတ်ဆက်ခဲ့ပြီးဖြစ်သော Google Translate သည် မြန်မာဘာသာစကားနှင့် ပတ်သက်၍ အစဖြစ်နေသည့်အတွက် အချို့အခြေအနေများတွင် အသုံးပြုနိုင်ပြီး အရာအားလုံးအတွက် အသုံးပြုနိုင်ဖို့ မလွယ်ကူသေးကြောင်း Googel မှ ပြောကြားထားသည်။

Tags: Google Service

Youtube ပေါ် ရှိဗီဒီယိုများ ကိုမြန်မာဘာသာစနစ်ထောက်ပံ့ပေး မည်ဟုဆို

12:11 PM
Youtube ပေါ်ရှိ ဗီဒီယိုများကို မြန်မာဘာသာစနစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း Google ၏ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Mr.Divon Lan က ပြောကြားသည်။
“လက်ရှိအချိန်မှာတော့ ဘယ်တော့လုပ်ပေးမလဲဆိုတာ Confirm မပေးနိုင်သေးပေမယ့် လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်” ဟုပြောကြားသည်။
ဘာသာစကားများကို အသံဖြင့်ပြန်ဆိုနိုင်သည့်စနစ်၊ ကင်မရာဖြင့်ရိုက်ကာ ဘာသာပြန်ပေးနိုင်သည့် စနစ်များကို မြန်မာစာစနစ်ဖြင့်ထောက်ပံ့ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် စာသားဖြင့် ဘာသာပြန်စနစ်အား ဘာသာစကားပေါင်း ၉၀၊ ကင်မရာစနစ်ဖြင့် ဘာသာပြန်ဆိုနိုင်သည့် ဘာသာစကားပေါင်း ၃၆ မျိုးရှိပြီး အသံစနစ်ဖြင့် ဘာသာပြန်ဆိုနိုင်သည့် ဘာသာစကားက ၄၂ မျိုးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် မရနိုင်သေးသည့် အသံဖြင့်ဘာသာပြန်ဆိုနိုင်သည့်စနစ် (Voice Translation) အားလည်း ရရှိအောင်ဆောင်ရွက်မည်ဟု ဆိုသည်။
“လက်ရှိမှာတော့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ အားလုံးကို ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့ ရေရှည်မှာ ဘာသာစကားအားလုံးအတွက် အသံစနစ်နဲ့ Google Translate မှာ ဘာသာပြန်ဆိုရရှိနိုင်အောင် ဆောင်ရွက်မှာပါ” ဟုပြောကြားသည်။
လက်ရှိ Google Translate ကို အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်ရှိပြီး နေ့စဉ်ဘာသာပြန်ဆိုမှုပေါင်း ဘီလီယံ ကျော်ရှိကြောင်း သိရသည်။

Tags: Google Translate

အသစ်ထွက်မည့် Nexus ထုတ်ကုန်အတွက် Google နှင့် Huawei လက်တွဲဖွယ်ရှိ

12:10 PM
Google သည် အသစ်ဖြန့်ချိမည့် Nexus ထုတ်ကုန်အတွက် Huawei နှင့် ပူးပေါင်းဖွယ်ရှိကြောင်း iSuppli မှ တရုတ်သုတေသန ဒါရိုက်တာ ကီဗင်ယန်က ပြောကြားလိုက်သည်။
ယန်၏ ပြောကြားချက်အရ Google သည် Android စမတ်ဖုန်း ဗားရှင်းသစ်အတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။
Google သည် ယခင် Nexus ထုတ်ကုန်များတွင် Samsung, HTC နှင့် LG တို့ဖြင့် လက်တွဲခဲ့ပြီးနောက် ယခု အပြောင်းအလဲသည် Google ၏ ထုတ်ကုန်ကို တရုတ်စမတ်ဖုန်း ထုတ်လုပ်သူနှင့် ပထမဦးဆုံး လက်တွဲ ဆောင်ရွက်မှုတစ်ရပ် ဖြစ်လာဖွယ်ရှိသည်။
Mobile World Congress တွင် The Verge နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ရပ်၌ Huawei အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယူက ကုမ္ပဏီအနေဖြင့် အမေရိကန်ဈေးကွက်သို့ တိုးချဲ့ရန်အတွက် Google ကို အသုံးပြုရန် အရိပ်အမြွက်ဆိုခဲ့သည်။ ထို့အတွက်ကြောင့် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်ကို နောက်ဆုံးပေါ် Android OS ဖြင့် ပေါင်းစပ်ထားသော အသစ်ထွက်ရှိမည့် Nexus က Huawei ၏ ရည်မှန်းချက်ကို အထမြောက်စေဖွယ်ရှိသည်။
Ref: CNET

၂၀၁၅ တွင် စမတ်ဖုန်း သန်း ၁၀၀ ရောင်းချရန် Xiaomi စီစဉ်နေ

12:09 PM
Xiaomi သည် ယခုနှစ်တွင် အမေရိကန်၌ စမတ်ဖုန်းများ ရောင်းချရန် စီစဉ်ဖွယ်မရှိသော်လည်း စမတ်ဖုန်း သန်း ၁၀၀ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် စမတ်ဖုန်း သန်း ၈၀ မှ သန်း ၁၀၀ အတွင်း ရောင်းချနိုင်ရန် စီစဉ်နေကြောင်းနှင့် ယခုနှစ် စုစုပေါင်းဝင်ငွေ ယွမ် ၁၀၀ ဘီလီယံမှ ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံမှ ၃၂ ဘီလီယံ) ရရှိရန် မျှော်မှန်းထားကြောင်း Xiaomi အမှုဆောင်အရာရှိချုပ် လီဂျွန်က တရုတ်နိုင်ငံ၏ ပြည်သူ့လွှတ်တော်နှင့် သက်ဆိုင်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များထံ ပြောကြားခဲ့သည်။
Xiaomi အနေဖြင့် ယခုနှစ်ကုန်တွင် မျှော်မှန်းထားသည့်အတိုင်း စမတ်ဖုန်းများ ရောင်းချခဲ့ရပါက ၂၀၁၄ ခုနှစ် ရောင်းအားထက် နှစ်ဆနီးပါး ရှိလာမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Xiaomi သည် စမတ်ဖုန်း ၆၁ သန်း ရောင်းချခဲ့ရပြီး ဝင်ငွေ ယွမ် ၇၄.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ) နီးပါး ရရှိခဲ့သည်။
ထို့အပြင် ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း smart hardware ထုတ်ကုန်များအပေါ်တွင် ဆက်လက် အာရုံစိုက်သွားမည် ဖြစ်ကြောင်း လီဂျွန်က ပြောကြားခဲ့ပြီး လျှပ်စစ်ကား ထုတ်လုပ်ရန် စီစဉ်နေသည်ဟူသော သတင်းများကို ငြင်းဆိုသွားခဲ့သည်။
Ref: TechInAsia

HUAWEI နှင့် အကျိုးတူပူးပေါင်း ဖွင့်လှစ်သော Corporate ဆိုင်ပေါင်း ၂၅၀၀ ကျော်ရှိဟုဆို

12:08 PM

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် HUAWEI နှင့် အကျိုးတူ ပူးပေါင်းဖွင့်လှစ် ထားသော Corporate Shop ဆိုင်ပေါင်း ၂,၅ဝဝ ကျော်သွားပြီ ဖြစ်ကြောင်း HUAWEI မှ National Director မစ္စတာရိုဆန်လိုက ပြောသည်။
HUAWEI အနေဖြင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် Showroom ငါးခုဖွင့်လှစ် နိုင်ခဲ့ပြီး ဆက်လက်၍လည်း ပြည်နှင့်မုံရွာတွင် Showroom ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ Branded Shop အနေဖြင့် ဆိုင်ပေါင်း ၃၀ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းဆိုသည်။
“မြန်မာနိုင်ငံတစ်ဝှမ်းလုံး အနေအထားနဲ့ ဆိုရင်တော့ HUAWEI နဲ့အကျိုးတူ ပူးပေါင်းဖွင့်လှစ်ထားတဲ့ Corporate Shop  ဆိုင်ပေါင်း ၂,၅၀၀ ကျော်သွားပြီ။ နေပြည်တော် ကောင်စီနယ်မြေ ၈ မြို့နယ် အတွင်းမှာကို Corporate Shop ဆိုင်ပေါင်း နှစ်ရာကျော် ရှိမယ်” National Director မစ္စတာရိုဆန်လိုက ပြန်လည်ဖြေကြား ခဲ့သည်။

200GB microSD ကတ်ကို SanDisk မိတ်ဆက်

12:05 PM
Flash memory ကုမ္ပဏီ SanDisk သည် storage မလုံလောက်သည့် ဖုန်းနှင့် tablet များတွင်ထည့်သွင်း အသုံးပြုနိုင်မည့် 200GB Ultra microSDXC UHS-I flash memory ကို Mobile World  Congress  ပြပွဲတွင် ထုတ်ဖော် ပြသခဲ့သည်။
SanDisk ၏ 200GB microSD ကို ဖုန်း၊ ကင်မရာ၊ tablet သို့မဟုတ် အခြားထုတ်ကုန် အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က SanDisk သည် 128GB microSD ကတ်ကို မိတ်ဆက်ခဲ့ပြီး  ယခုအခါတွင် မိတ်ဆက်လိုက်သည့် 200GB မော်ဒယ်သည် အချက်အလက် လွှဲပြောင်းနိုင်သည့် ပမာဏ 90MBps အထိပြုလုပ် နိုင်ကြောင်း သိရသည်။ ၎င်း 200GB Ultra microSDXC UHS-I flash memory ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၀၀ ခန့်ရှိပြီး ၂၀၁၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် SanDisk သည် ဖုန်းသို့မဟုတ် tablet များတွင် storage နည်းပါးလာသည့်အခါ  ဓာတ်ပုံနှင့် ဗွီဒီယိုများကို အလိုအလျောက် ရွေ့ပြောင်းနိုင်သည့် Android အတွက် Memory Zone app လည်းဖြန့်ချိ ပေးထားပြီ ဖြစ်သည်။
Ref : CNET

Viber တွင် ဂိမ်းကစားနိုင်

12:04 PM
မလေးရှား၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံများသာ ကစားခွင့်ပြုခဲ့သည့် Viber ဂိမ်းများကို ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကစားနိုင်တော့မည်ဟု Viber က သတင်း ထုတ်ပြန်ခဲ့သည်။
ပထမဦးဆုံး အနေဖြင့် ဂိမ်းအမျိုးအစား သုံးခုကို မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများ အပါအဝင် ကမ္ဘာပေါ်ရှိ Viber အသုံးပြုသူအားလုံး ကစားနိုင်မည်ဟု သိရ သည်။ Viber အနေဖြင့် အဆိုပါဂိမ်းများကို Storm 8 နှင့် Playtika တို့မှ ရယူထားခြင်းဖြစ်ပြီး နောက်လများ၌ အခြားသော ဂိမ်းအသစ်များကို ထပ်မံပေးအပ်သွားမည်ဟု သိရသည်။
Viber သည် Viber Candy Mania by Strom 8 ၊ Viber Pop by Stom 8 နှင့် Wild Luck Casino by Playtika အမည်ရှိသော ဂိမ်သုံးမျိုး မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိမ်းများကို Play Store မှ Download ပြုလုပ်နိုင်မည် ဖြစ်သော်လည်း ထပ်ဆင့်ထည့်သွင်း အသုံးပြုလိုသည့် Application များကိုမူ ဝယ်ယူအသုံး ပြုရမည်ဟု သိရသည်။
Viber အသုံးပြု၍ ဆက်သွယ်နေသူများကို ကြားခံဖျော်ဖြေရေးဖြစ်စေမည့် ဂိမ်းများကို မိတ်ဆက်ပေးခဲ့ခြင်းသည် Viber အနေဖြင့် နယ်ပယ်ချဲ့ထွင်သည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ဖျော်ဖြေရေးအနေဖြင့် ဂိမ်းကစားရာတွင် Viber အသုံးပြုသူများအကြား ဂိမ်းနှင့်ပတ်သက်၍ လက်ဆောင်များလည်း ပေးပို့နိုင်သည်ဟု သိရသည်။
Viber သည် ဒင်္ဂါးပြားများနှင့် ကစားရသည့် ဂိမ်းတစ်ခုနှင့် ပဟေဠိဂိမ်းနှစ်ခုကို စတင် မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး နောက်လများ၌ အခြားသော ဂိမ်းများကို ဆက်လက် မိတ်ဆက်ပေးသွားမည်ဟု သတင်း ထုတ်ပြန်ထားသည်။

Tags: Viber Game

သုံးစွဲသူများ စမ်းသပ်နိုင်ရန် iOS 8.3 အတွက် public beta ကို Apple ဖြန့်ချီ

12:01 PM
Apple သည် အသစ်ထွက်ရှိလာမည့် iOS 8.3 ကို တရားဝင်မဖြန့်ချိမီ သုံးစွဲသူများ စမ်းသပ်နိုင်ရန်အတွက် beta ဗားရှင်းအား ဖြန့်ချိလိုက်ပြီဖြစ်သည်။
Apple ၏ ဝက်ဘ်စာမျက်နှာတွင် desktop အတွက် OS X public beta ဗားရှင်းကို သုံးစွဲသူများ စမ်းသပ်နိုင်ရန် ဖြန့်ချိခဲ့ရာတွင် အဖိုးမဖြတ်နိုင်သည့် တုံ့ပြန်ချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတွက်ကြောင့် Apple သည် iOS အတွက် အစီအစဉ်တစ်မျိုးကို တိုးချဲ့ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် Apple တွင် ၎င်း၏ မိုဘိုင်း operating system iOS update များကို app developer များသာ စမ်းသပ်နေခြင်းကို ပိုမိုတိုးချဲ့ရန် အစီအစဉ်များစွာ ရှိကြောင်း 9to5Mac ကဖော်ပြခဲ့သည်။ သုံးစွဲသူများအနေဖြင့် Apple မှဖြန့်ချိသည့် iOS 8.3 public beta ကို sign up ပြုလုပ်၍ စမ်းသပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း Apple အနေဖြင့် ၎င်း၏ iOS beta ဗားရှင်းကို ရွေးချယ်ထားသည့် သုံးစွဲသူများသာ စမ်းသပ်နိုင်ရန် ကန့်သတ်မှု ပြုလုပ်ထားဖွယ်ရှိကြောင်း သိရသည်။ သုံးစွဲသူများသည် Apple မှ iOS ဗားရှင်းသစ်ကို စမ်းသပ်ရန် သတ်မှတ်ထားသော နေရာတွင် စာရင်းသွင်းပြီးလျှင် package ဖိုင်တစ်ခုကို install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်မှသာ သုံးစွဲသူများအနေဖြင့် emoji, wireless CarPlay အပြင် Google သုံးစွဲသူများအတွက် login ပြုလုပ်ရလွယ်ကူသည့် feature နှင့် ပြင်ဆင်မှုများ ပါဝင်လာသည့် iOS 8.3 ကို install ပြုလုပ်နိုင်မည် ဖြစ်သည်။
Ref: TheVerge