Google၏ဝန်ဆောင်မှုအသစ်များ တွင်မြန်မာစာစနစ်ထောက်ပံ့ပေးရန်စီစဉ်

12:12 PM
Google ၏ ဝန်ဆောင်မှုအသစ်များတွင် မြန်မာစာစနစ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Google ၏ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Mr.Divon Lan ကပြောသည်။
“ကျွန်တော်တို့ မြန်မာနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ တစ်မျိုးပြီးတစ်မျိုး မိတ်ဆက်ခဲ့သလို နောင်လည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် Google Map, မြန်မာဘာသာနဲ့ အသုံးပြုနိုင်တဲ့ ဂျီမေးလ် အစရှိသဖြင့်ပေါ့။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း ထုတ်ကုန်တစ်မျိုးချင်းစီကို မိတ်ဆက်ပေးသွားမှာပါ” ဟု ပြောကြားသည်။
လက်ရှိ Google အနေဖြင့် google.com.mmm, Google map, Gmail, Android Version 5.0 (Lollipop), Chrome Browser နှင့် Google Translate တို့ကို မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။ Google မှ ထုတ်သော ထုတ်ကုန်များ အားလုံးနီးပါးကို မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Google ၏ ထုတ်ကုန် အသုံးပြုသူများအနေဖြင့် ၉၅ ရာခိုင်နှုန်းခန့်မှာ အမေရိကန်နိုင်ငံ ပြင်ပမှဖြစ်သည် ဟုသိရသည်။ “ဘယ်နိုင်ငံက အသုံးများသလဲဆိုတော့ တစ်ကမ္ဘာလုံးက သုံးနေတာဆိုတော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ ၉၅ ရာခိုင်နှုန်းလောက်က US ရဲ့ ပြင်ပကနေ သုံးနေတာပါ။ ဘယ်နေရာက ဘယ်လောက်လဲ မသေချာပေမယ့် အာရှမှာ ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံတွေက အသုံးပြုသူများတဲ့ နိုင်ငံတွေပါ။ ထိုင်း၊ ဗီယက်မ်နမ်တွေရော ပါတယ်” ဟုပြောကြားသည်။
Google အနေဖြင့် မကြာသေးခင်က (ဖေဖော်ဝါရီ ၂၅ ရက်) ပြည်တွင်းရှိ Gmail အသုံးပြုသူများ မြန်မာဘာသာစကားဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန်ဆောင်ရွက်ခဲ့သည်။
Gmail အသုံးပြုသူများအနေဖြင့် မြန်မာဘာသာစကားသို့ ပြောင်းလဲအသုံးပြုလိုပါက Language Drop Menu မှ Setting ထဲသို့ဝင်၍ Myanmar Language ကိုနှိပ်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။၂၀၁၃ ခုနှစ်က google.com.mm ကို စတင်မိတ်ဆက်ခဲ့သည်။ google.com.mm ပြီးလျှင် လက်ရှိမိတ်ဆက်ခဲ့သော Gmail သည် မြန်မာနိုင်ငံ၏ စတုထ္ထမြောက် ထုတ်ကုန်ဖြစ်ကြောင်း၊ မိတ်ဆက်ခဲ့ပြီးဖြစ်သော Google Translate သည် မြန်မာဘာသာစကားနှင့် ပတ်သက်၍ အစဖြစ်နေသည့်အတွက် အချို့အခြေအနေများတွင် အသုံးပြုနိုင်ပြီး အရာအားလုံးအတွက် အသုံးပြုနိုင်ဖို့ မလွယ်ကူသေးကြောင်း Googel မှ ပြောကြားထားသည်။

Tags: Google Service