မလေးရှား၊
စင်ကာပူ၊ အစ္စရေး၊ ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံများသာ
ကစားခွင့်ပြုခဲ့သည့် Viber ဂိမ်းများကို ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးမှ
ကစားနိုင်တော့မည်ဟု Viber က သတင်း ထုတ်ပြန်ခဲ့သည်။
ပထမဦးဆုံး အနေဖြင့် ဂိမ်းအမျိုးအစား သုံးခုကို မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများ အပါအဝင် ကမ္ဘာပေါ်ရှိ Viber အသုံးပြုသူအားလုံး ကစားနိုင်မည်ဟု သိရ သည်။ Viber အနေဖြင့် အဆိုပါဂိမ်းများကို Storm 8 နှင့် Playtika တို့မှ ရယူထားခြင်းဖြစ်ပြီး နောက်လများ၌ အခြားသော ဂိမ်းအသစ်များကို ထပ်မံပေးအပ်သွားမည်ဟု သိရသည်။
Viber သည် Viber Candy Mania by Strom 8 ၊ Viber Pop by Stom 8 နှင့် Wild Luck Casino by Playtika အမည်ရှိသော ဂိမ်သုံးမျိုး မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိမ်းများကို Play Store မှ Download ပြုလုပ်နိုင်မည် ဖြစ်သော်လည်း ထပ်ဆင့်ထည့်သွင်း အသုံးပြုလိုသည့် Application များကိုမူ ဝယ်ယူအသုံး ပြုရမည်ဟု သိရသည်။
Viber အသုံးပြု၍ ဆက်သွယ်နေသူများကို ကြားခံဖျော်ဖြေရေးဖြစ်စေမည့် ဂိမ်းများကို မိတ်ဆက်ပေးခဲ့ခြင်းသည် Viber အနေဖြင့် နယ်ပယ်ချဲ့ထွင်သည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ဖျော်ဖြေရေးအနေဖြင့် ဂိမ်းကစားရာတွင် Viber အသုံးပြုသူများအကြား ဂိမ်းနှင့်ပတ်သက်၍ လက်ဆောင်များလည်း ပေးပို့နိုင်သည်ဟု သိရသည်။
Viber သည် ဒင်္ဂါးပြားများနှင့် ကစားရသည့် ဂိမ်းတစ်ခုနှင့် ပဟေဠိဂိမ်းနှစ်ခုကို စတင် မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး နောက်လများ၌ အခြားသော ဂိမ်းများကို ဆက်လက် မိတ်ဆက်ပေးသွားမည်ဟု သတင်း ထုတ်ပြန်ထားသည်။