မှောင်ခိုဈေးကွက် ပပျောက်အောင် ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားသည့်
Telenor Myanmar သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို တစ်လလျှင် အရေအတွက် ၁.၅ သန်း
ဈေးကွက်အတွင်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Telenor ၏ ဆင်းမ်ကတ်များသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ဝယ်ယူရန်
အခက်အခဲများ ကြုံတွေ့နေရပြီး အလွယ်တကူ ဝယ်ယူရရှိရန်အတွက်
မှောင်ခိုဈေးအနေဖြင့် ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ် တစ်ခုလျှင် ငွေကျပ် ၅,၀၀၀
ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
“အရည်အသွေး ကျဆင်းသွားမှာစိုးလို့ ရန်ကုန်မှာ ဆင်းမ်ကတ်ရောင်းချမှုကို
ရပ်လိုက်ရတယ်။ ဒါပေမဲ့ လူတွေက နေပြည်တော်လို နေရာမျိုးတွေကနေပြီးတော့
ဆင်းမ် ကတ်တွေယူပြီးရန်ကုန်မှာ ပြန် ရောင်းကြတာကို အံ့သြစွာတွေ့ရတယ်” ဟု
Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မန္တလေးမြို့မှ စတင်၍ ရန်ကုန်နှင့်
နေပြည်တော်သို့ မိုဘိုင်းဖုန်းဝန်ဆောင်မှု ဆက်လက်ပေးအပ်ခဲ့သည့် Telenor သည်
ယနေ့မှစတင်၍ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့၌ ၎င်းတို့၏ ကွန်ရက်ကို
တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Telenor Myanmar က ကြေညာသည်။
“နောက်လဆိုရင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ကွန်ရက်ဆက်လက်
ချဲ့ထွင်သွားမှာပါ။ ဒီပြည်နယ်တွေ ပါဝင်လာရင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့
ဧရိယာ ၉ နေရာ ကို ရောက်ရှိနေမှာဖြစ်ပါတယ်။ အခု ပဲခူးမှာဆိုရင်လည်း
ဆင်းမ်ကတ် ၁ သိန်း ဖြန့်ထားပါတယ်” ဟု Mr. Peter Furberg ကပြောသည်။
လစဉ်လတိုင်း ဆင်းမ်ကတ် အရေအတွက် ၁.၅ သန်း ဖြန့်ချိခြင်းသည်
ဈေးကွက်အတွင်း မှောင်ခိုစနစ် ပျောက်ကွယ်သွားစေရန် ရည်ရွယ်ထားပြီး
ဖြန့်ချိသွားမည့် အဆိုပါ ဆင်းမ်ကတ်များကို ကွန်ရက်ကျပ်တည်းခြင်း မရှိဘဲ
အဆင်ပြေစွာ အသုံးပြုနိုင်စေရန် Telenor အနေဖြင့် အသင့်ပြင်ဆင် ထားကြောင်း
၎င်းကဆိုသည်။
၂၀၁၅ ခုနှစ်အတွင်း တစ်လလျှင် တာဝါတိုင် ၂၀၀ မှ ၃၀၀ အကြား
တည်ဆောက်သွားနိုင်မည်ဟု မျှော်လင့်ထားသော Telenor သည် ၎င်း၏ဆင်းမ်ကတ်များအတွက်
ရန်ကုန်တိုင်၌ တာဝါတိုင် ၅၃၅ တိုင်၊ မန္တလေး၌ တာဝါတိုင် ၂၃၅ တိုင်၊ ပဲခူး၌
တာဝါတိုင် ၁၁၅ တိုင်နှင့် မကွေး မြို့၌ တာဝါတိုင်အရေအတွက် ၆၀ ကို စိုက်ထူ၍
ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။