Sony Xperia C3

2:34 AM
အားသာချက်
ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းတွင်း အသုံးပြု စနစ်ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာ ဖွဲ့စည်းထားတဲ့ CPU, GPU နဲ့ ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြု ထားတာဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် Selfie သမားတွေအတွက် အကြိုက် တွေ့စေမယ့် ဖုန်းအမျိုးအစား တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ရှေ့ကင်မရာဟာ Mega Pixel မြင့်မားတဲ့အပြင် Flash ပါဝင်တဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာ Selfie ရိုက်မယ် ဆိုရင်တောင် စိတ်ပူဖို့ မလိုအပ်ပဲ ရှေ့ကင်မရာမှာ ပါဝင်တဲ့ Flash ကို အသုံးပြုပြီး ဓာတ်ပုံရိုက်နိုင် ပါလိမ့်မယ်။ Sony ရဲ့ BRAVIA Engine စနစ် ပါဝင်တဲ့အတွက် ဂရပ်ဖစ်စနစ်မှာ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားနိုင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်ပါတယ်။
အားနည်းချက်

မြန်မာစာ စနစ်တစ်ပါတည်း မပါဝင်တဲ့အတွက် မြန်မာစာ အသုံးပြုလို သူတွေအနေနဲ့ ဖုန်းကို Root လုပ်ပြီးမှ မြန်မာစာ ပြန်လည်ထည့်သွင်း ရပါလိမ့်မယ်။ Dual Sim ဖုန်း အမျိုးအစားဖြစ်ပြီး Sim Card Slot ပေါက်ကတော့ တစ်ပေါက်တည်းပါ။ Slot ပေါက် တစ်ခုတည်းမှာ Sim Card နှစ်ခုစလုံးကို တစ်ပြိုင်တည်း ထည့်သွင်းနိုင်အောင် ပြုလုပ်ထားတဲ့အတွက် Sim Card တစ်ခုချင်းစီကို ထုတ်သွင်းပြုလုပ် လဲလှယ်လိုတဲ့ အချိန်တိုင်းမှာ Sim Card နှစ်ခုစလုံးကို ထုတ်သွင်း ပြုလုပ်နေရမှာ ဖြစ်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ မှတ်ဥာဏ်ကလည်း စမတ်ဖုန်းတစ်လုံး အတွက်တော့ နည်းတယ်လို့ ဆိုရပါမယ်။

ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ C3 ဟာ Sony ဖုန်းတွေရဲ့ ထုံးစံအတိုင်း လေးထောင့်ကျကျ ပုံစံမျိုးမှာ ရှိနေပြီး နောက်ဘက်ကာဗာ အနားသတ် ပိုင်းတွေမှာ အနည်းငယ် လုံးဝန်းတဲ့ပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးဟာ ပလပ်စတစ် ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှု ပုံစံဖြစ်ပြီး ဘေးဘောင် တွေကိုတော့ သတ္တုဘေးဘောင် ပတ်ထားတဲ့ ပုံစံမျိုးပြုလုပ် ထားတာပါ။ နောက်ဘက် ကာဗာကလည် ဖြုတ်လို့ တပ်လို့ မရတဲ့ ကာဗာအသေပါ။ Sim Card ပေါက်နဲ့ မှတ်ဥာဏ်ကတ် (Memory Card) ပေါက်တွေဟာ အခြားဖုန်း တွေလိုမျိုး ပင်နဲ့ Lock ပေါက်ကို ထိုးရတာမျိုး မဟုတ်ပဲ ရာဘာအဆို့ရှင် ပုံစံမျိုးတွေနဲ့ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာ ပါးလွှာမှုနဲ့ ပေါ့ပါးခြင်းကို ခံစားနိုင်သလို လက်ထဲမှာ မြဲမြံစွာကိုင်တွယ် နိုင်တာကို တွေ့ရပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၅.၆၂ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၈၇ စင်တီမီတာ ရှိပါတယ်။ ဘေးတိုက် အကျယ်ဟာ ၇ စင်တီမီတာကို တော်တော်လေး ကျော်တဲ့အတွက် လက်ချောင်း သေးငယ်သူတွေ အတွက်တော့ ဖုန်းကို အလွယ်တကူ ထိန်းကျောင်း အသုံးပြုဖို့ အခက်အခဲ ရှိနိုင်ပါလိမ့်မယ်။ ဖုန်းရဲ့မြင်ကွင်း Screen ရဲ့ဘေးဘောင် တွေဟာ အနည်းငယ် ထူပါတယ်။  Screen မြင်ကွင်းရဲ့ အရွယ်အစားကတော့ ၅.၅ လက်မရှိပြီး အလေးချိန်ကတော့ ၁၄၉.၇ ဂရမ်ရှိတဲ့အတွက် ပေါ့တယ်လို့ ဆိုနိုင်ပါတယ်။ ထုထည်ကလည်း ၀.၇၆ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစား တစ်ခုပါပဲ။ ဖုန်းရဲ့ အလေးချိန် ပေါ့ပါးမှုနဲ့ ပါးလွှာခြင်းကြောင့် ဖုန်းကို ကိုယ်တွယ် အသုံးပြုချိန်မှာ လက်ထဲမှာ မြဲမြံမှုရှိပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဖုန်းရဲ့ညာဖက် ဘေးဘောင်မှာတော့ Sim Card ပေါက်၊ ကင်မရာခလုတ်၊ အသံအတိုး အကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေ ရှိနေပြီး ဘယ်ဖက် ဘေးဘောင်မှာတော့ USB ပေါက်နဲ့ SD Card ပေါက်တွေ တည်ရှိပါတယ်။ နားကြပ်ပေါက် ကတော့ဖုန်းရဲ့ ထိပ်ပိုင်းမှာဖြစ်ပြီး စပီကာကတော့ ဖုန်းရဲ့နောက်ဘက် ကာဗာ အောက်ခြေနားမှာပါ။ GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မယ့် Sim Card နှစ်ကတ်သုံး Dual Sim ဖုန်းအမျိုး အစားဖြစ်ပြီး Micro Sim စနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းဟာ ကင်မရာပိုင်းမှာ ပိုပြီး အသားပေး ထားတာကို တွေ့ရပါတယ်။ ကင်မရာ စနစ်ပိုင်းမှာ စုံလင်တဲ့ဓာတ်ပုံ အသုံးပြု Effect တွေအပြင် ကင်မရာကို ကိုယ့်စိတ်ကြိုက် ပုံစံမျိုးချိန်ညှိ အသုံးပြု နိုင်မယ့် စနစ်တွေပါ ပါဝင်နေတာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာ ဓာတ်ပုံတွေကို ဖုန်းကသတ်မှတ် ပေးတဲ့အတိုင်း အကောင်းဆုံး ရိုက်နိုင်မယ့် Superior Auto စနစ်၊ ကင်မရာကို ကိုယ့်စိတ်ကြိုက် အလင်းအမှောင်၊ Shutter Speed အစရှိတဲ့ ဓာတ်ပုံ ကင်မရာတစ်လုံးမှာ ပါဝင်တဲ့ Manual စနစ်တွေ အတိုင်း ချိန်ညှိ အသုံးပြုနိုင်မယ့် Manual စနစ်၊ ကိုယ့်ရဲ့ ဓာတ်ပုံမှာ Effect တွေကို စုံလင်စွာထည့်သွင်း ရိုက်ကူးနိုင်မယ့် AR effect အစရှိတဲ့ စနစ်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ဓာတ်ပုံရရှိချိန်မှာ ဓာတ်ပုံကို Effect တွေ ထည့်သွင်းနိုင်မယ့် Picture Effect စနစ်နဲ့ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကို တိုက်ရိုက် Sharing ပြုလုပ်နိုင်မယ့် Social Live ဆိုတဲ့ စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ  ပဲဖြစ်ပါတယ်။ ဖုန်းရဲ့ Notification စနစ်တွေကို ဖုန်းတော်တော် များများမှာ မြင်တွေ့နေကျ ပုံဖုန်းရဲ့အပေါ် ထိပ်ဘက်မှာ မဟုတ်ပဲ ဖုန်းရဲ့ အောက်ခြေ ပိုင်းကနေ ပြန်ပြီးဖော်ပြ နိုင်တာဟာလည်း အသုံးပြု သူတွေအတွက် ဆန်းသစ်တဲ့ အမြင်တစ်ခု ဖြစ်စေပါလိမ့်မယ်။ ပါဝါအသုံးပြု ခြင်းအတွက် Power Management ဆိုတဲ့ စနစ်မှာလည်း ကိုယ့်ဖုန်းမှာ ကျန်ရှိတဲ့ ဘက်ထရီနဲ့ ဆက်လက် အသုံးပြုနိုင်မယ့် အချိန်တွေကို ဖော်ပြပေးထားတဲ့ စနစ်ကလည်း ဖုန်းအသုံးပြု သူတွေအတွက် ကိုယ့်ဖုန်းရဲ့ ကျန်ရှိတဲ့ ဘက်ထရီ သက်တမ်းကို ချက်ချင်းသိရှိ စေနိုင်ပါတယ်။ Stamina Mode ဆိုတဲ့ စနစ်ကလည်း Sony ရဲ့ Power Saving စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်ကို အသုံးပြုထားမယ် ဆိုရင်တော့ ဘက်ထရီ ကုန်ခါနီးအချိန်တွေမှာ ကိုယ့်ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို ကြာရှည် ထိန်းထားနိုင်အောင် ပြုလုပ်ထား နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad-core 1.2 GHz Cortex-A7 CPU နဲ့ Qualcomm MSM8926 Snapdragon 400 Chipset တွေကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိပါတယ်။ ဂရပ်ဖစ် စနစ်အတွက်လည်း Adreno 305 GPU ကိုထည့်သွင်း ပေးထားတာတဲ့အပြင် Sony ရဲ့ ဂရပ်ဖစ်အင်ဂျင် စနစ်တစ်ခုဖြစ်တဲ့ BRAVIA Engine2 စနစ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Screen ကတော့ IPS LCD Screen ဖြစ်ပြီး Screen Pixel တွေအနေနဲ့ 720x1280 Pixel ထိရရှိနိုင်မှာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားကြည့်ရှု နိုင်ပါတယ်။ ဖုန်းမှတ်ဥာဏ်ကတော့ Internal Memory 8GB သာပါဝင်ပြီး RAM ကတော့ 1GB RAM ဖြစ်ပါတယ်။ မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 32GB ထိထပ်မံ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ နောက်ဘက် ကင်မရာကတော့ 8 Mega Pixel ရှိတဲ့ ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 5 Mega Pixel ကင်မရာပါ။ နောက်ဘက် ကင်မရာနဲ့ ရှေ့ကင်မရာ နှစ်ခုစလုံးအတွက် Flash စနစ်ကို အသုံးပြု နိုင်ပါတယ်။ Android OS Version 4.4.2 KitKat ကို အသုံးပြု ထားတာဖြစ်ပြီး Bluetooth 4.0 နဲ့ USB 2.0 စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ 2500mAh Li-Ion ဘက်ထရီ အမျိုးအစား ဖြစ်တဲ့အတွက် စမတ်ဖုန်းအတွက် လုံလောက်တဲ့ ဘက်ထရီ အမျိုးအစား တစ်ခုဖြစ်ပြီး Power Saving ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။
သုံးသပ်ချက်
ဖုန်းမှာပါဝင်တဲ့ CPU, GPU, ဂရပ်ဖစ်အင်ဂျင်၊ ကင်မရာ အစရှိတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာလည်း Dual Flash စနစ်ကို အသုံးပြု နိုင်တဲ့အတွက် Selfie သမားတွေ အတွက် အဆင်ပြေစေ နိုင်တဲ့အပြင် ဓာတ်ပုံစနစ်အတွက် Effect တွေကိုလည်း စုံစုံလင်လင် အသုံးပြု နိုင်တဲ့အတွက် ဓာတ်ပုံဝါသနာ ရှင်တွေအတွက်တော့ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုပါ။ ဖုန်းကိုကိုင်တွယ် အသုံးပြုရာမှာလည်း အလေးချိန် ပေါ့ပါးပြီး ပါးလွှာတဲ့အတွက် သက်သောင့်သက်သာ ရှိစေပါတယ်။ မြန်မာစာ တစ်ပါတည်း မပါဝင်တဲ့ အတွက်တော့ ဖုန်းကို Root လုပ်ပြီးထည့်သွင်း ရပါမယ်။ Sim Card Slot နေရာမှာလည်း အပေါက်က တစ်ပေါက်ချင်းစီ မဟုတ်ပဲ Sim Card နှစ်ကတ်လုံး အတွက် အပေါက် တစ်ခုတည်းမှာ တပ်ဆင်ရမှာ ဖြစ်တဲ့အတွက် လိုင်းကတ်တစ်ကတ် ပြောင်းလဲ အသုံးပြုချင်တဲ့ အချိန်မှာ နှစ်ကတ်စလုံးကို ထုတ်ရပါလိမ့်မယ်။ မှတ်ဥာဏ် စနစ်ပိုင်းမှာ Internal Memory ဟာ 8GB ပါဝင်ပေမယ့် 6GB ကျော်ကျော်ခန့်ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဥာဏ်များများ အသုံးပြုလိုသူတွေ အတွက်တော့ Memory Card ကိုအသုံးပြု ရပါလိမ့်မယ်