iWatch လက်ပတ်နာရီကွန်ပျူတာစနစ်ကို Apple ဖန်တီးနေ

1:48 PM
လက်ပတ်နာရီအနေနှင့်ဝတ်ဆင်နိုင်သည့် ကွန်ပျူတာစနစ်ကို အပြည်အ၀ပုံဖော်ပေးမည့်လက်ပတ်နာရီအမျိုးအစား iWatch ကို Apple မှ ယခုနှစ်အတွင်းထုတ်လုပ်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ယခုအခါ ယင်းလက်ပတ်နာရီကို ဒီဇိုင်းပညာရှင်ပေါင်း ၁၀၀ ကျော်နှင့်အကောင်အထည်ဖော်နေကြောင်း အင်တာနက်သတင်းများတွင်ဖော်ပြသည်။
ထုတ်ကုန်သစ်များ ဖန်တီးရာတွင် နည်းပညာပိုင်းကိုသာမက ဒီဇိုင်းပိုင်းကိုပါ အလွန်အမင်းဦးစားပေးသည့် Apple ၏ ပင်ကိုယ်စရိုက်အတိုင်းပင် ယခုလက်ပတ်နာရီစနစ်ကို အသပ်ရပ်ဆုံးဖြစ်ရန်စီစဉ်နေခြင်းဖြစ်သည်။ ယင်းလက်ပတ်နာရီစနစ်ကို Apple ရဲ့မိုဘိုင်းပစ္စည်းများထုတ်လုပ်ရာ Foxconn စက်ရုံတွင် Project တစ်ခုအနေဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး iPad ကဲ့သို့ပင် ကွန်ပျူတာလောကကိုတစ်ခေတ်ဆန်းစေမည့် နည်းပညာထုတ်ကုန်သစ်ဖြစ်လာမည်ဟု သုံးသပ်မှုများရှိနေသည်။
နည်းပညာဝေဖန်စိစစ်ရေးသမား ဆာရက်ရော့မန်က ” iWatch လက်ပတ်နာရီဟာ နည်းပညာလောကမှာ ဆန်းသစ်ထီထွင်မှုတွေအတွက်လိုအပ်ပေမယ့် အသုံးပြုသူတွေအနေနဲ့တကယ်အသုံးဝင်မှုရှိမရှိမသေချာပါဘူး ။ ဒါပေမယ့် အသံအမိန့်ပေးစနစ်တွေ နဲ့ဆက်သွယ်ရေးကဏ္ဍတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ်ဆိုရင်အောင်မြင်တဲ့ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။
ကိုးကား- ပြည်မြန်မာသတင်းဂျာနယ်