လွန်ခဲ့တဲ့ လအတွင်းမှာ ထွက်ရှိခဲ့တဲ့ HTC Butterfly, DNA တို့ဖြင့်
ဈေးကွက်မှာ အောင်မြင်မှု ရရှိနေတဲ့ HTC ဟာ ၎င်းစမတ်ဖုန်းများကဲ့သို့
အလွန်ကြီးမားတဲ့ Screen ပါဝင်တဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုကို
ထပ်မံတင်ပို့ဖို့ စီစဉ်ထုတ်လုပ်နေပါတယ်။ တွေ့ရှိရတဲ့ အင်တာနက်
ဓာတ်ပုံများအရ HTC M7 လို့ အမည်ပေးထားတဲ့ ၎င်းဖုန်းဟာ ရုပ်ထွက်ကြည်လင်
ပြတ်သားတဲ့ High-res ဖန်ပြင် တပ်ဆင်ထားပြီး Butterfly, DNA တို့ကဲ့သို့
Screen အရွယ်အစား ကြီးမားသော်လည်း ၎င်းဖုန်းများထက်တော့ အနည်းငယ် သေးငယ်ကာ
4.7″ အရွယ်သာ တပ်ဆင်ထားပါတယ်။ 1080p resolution ထောက်ပံ့ပေးနိုင်သလို Pixel
Density ကလည်း 468ppi တောင် ရှိတာကြောင့် မြင့်မားတဲ့ ဂရပ်ဖစ်
ပုံရိပ်များကို ထောက်ပံ့ပေးနိုင်မှာပါ။ Display စနစ်က So-Lux အမျိုးအစား
ဖြစ်တာကြောင့် ပြင်ပနေရောင်အောက်မှာလည်း ကြည်လင်ပြတ်သားစွာ
မြင်တွေ့နိုင်မှာပါ။ ကြီးမားတဲ့ Display ဖန်ပြင်ရဲ့ နောက်မှာတော့ quad-core
Snap Dragon ပရိုဆက်ဆာ အသုံးပြုထားပြီး အမြန်နှုန်းက 1.7 GHz ဖြစ်တာကြောင့်
လက်ရှိဈေးကွက်ထဲက စမတ်ဖုန်း တော်တော်များများထက် ပရိုဆက်ဆာ
အမြန်နှုန်းသာလွန်နေပါတယ်။ မန်မိုရီအနေနဲ့ 2GB RAM ပါဝင်ပြီး SnapDragon
ပရိုဆက်ဆာကြောင့် Adreno GPU လည်း ပါဝင်မယ်လို့ ယူဆရပါတယ်။
Storage ပမာဏ 32GB သာ တွေ့ရှိရပြီး ကွဲပြားတဲ့ ဗားရှင်းတွေ
ထွက်လာနိုင်ဖို့ နည်းပါတယ်။ ဒါ့အပြင် Micro SD Card ဖြင့် သိုလှောင်မှု ပမာဏ
တိုးချဲ့နိုင်ဖို့လည်း မသေချာပါဘူး။ ကင်မရာကတော့ 13MP အဓိက ကင်မရာငယ်
ပါဝင်လာပြီး 1080p ရုပ်ထွက်အကြည် ဗီဒီယိုများ ရိုက်ကူးမှု
မှတ်တမ်းတင်နိုင်ရုံသာမက 2MP ရှေ့ဖက် ကင်မရာငယ်ဟာလည်း အလားတူ 1080p
ဗီဒီယိုများ ရိုက်ကူး မှတ်တမ်းတင်နိုင်ပါတယ်။ မြင့်မားတဲ့ အချက်အလက်များနဲ့
အတူ HTC M7 ဟာ 4G LTE မိုဘိုင်းနက်ဝပ်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
ဘတ္ထရီအားက 2300mAh တောင်ရှိတောကြောင့် ၎င်းရဲ့ ခမ်းနားတဲ့ Display စနစ်အတွက်
လုံလောက်တဲ့ ပမာဏပါပဲ။ M7 ရဲ့ အားသာချက် နောက်တစ်ခုက စထွက်လာကတည်းက Android
Jelly Bean ကို သုံးစွဲထားမှာဖြစ်ပြီး HTC ရဲ့ ကိုယ်ပိုင် Sense 5 UX လည်း
ပါဝင်လာမှာပါ။ M7 ကို လာမယ့် MWC ပွဲတော်မှာ မိတ်ဆက်ပေးသွားမယ်လို့
မျှော်လင့်ရပါတယ်။
ကိုးကား – Mobile Guide ဂျာနယ်