တရုတ်သည် Android ကို အလွန်အားထားသည့် နိုင်ငံဖြစ်ဟုဆို

3:12 PM
Google ၏ Android operating system နှင့်ပတ်သက်၍ တရုတ်စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဌာန ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းဌာန၏ အဆိုအရ Android သည် တရုတ်နိုင်ငံတွင် အလွန်အားထားခံရသည့် operating system တစ်ခုအဖြစ်ကျော် ကြားကြောင်း သိရသည်။ ပြည်တွင်းကုမ္ပဏီက Android ထက်သာလွန်သည့် operating system များ ထုတ်လုပ်ရန် ကြိုးပမ်းကြသော်လည်း အဓိကနည်းပညာ အများစုမှာ Google ၏ Android တွင် ပါဝင်နေကြောင်း MIIT မှဆိုသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်ကို Reuters သတင်းဌာနမှ ပထမဦးဆုံး ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စတုတ္ထသုံးလပတ်တွင် Android OS သည် ကမ္ဘာ့စမတ် ဖုန်းဈေးကွက် ရှယ်ယာ၏ ၇၀.၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ၂၀၀၂ ခုနှစ်က ကမ္ဘာ့ဈေးကွက်သို့ Android စမတ်ဖုန်းအလုံးရေ ၄၆၁ သန်းတင်ပို့ခဲ့ပြီး အဆိုပါ အရေအတွက်၏ သုံးပုံတစ်ပုံမှာ တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံတွင် အသုံးပြုနေသည့် စမတ်ဖုန်းများ၏ သုံးပုံနှစ်ပုံမှာ Android စနစ်ကို အသုံးပြုထားကြောင်း Informa သတင်းဌာန၏ အဆိုအရ သိရသည်။ Google search platform ကို နိုင်ငံအတွင်း အသုံးပြုခွင့် တားမြစ် ပိတ်ပင်ခဲ့ဖူးသည့် တရုတ်နိုင်ငံအနေဖြင့် Google ထုတ်ကုန်တစ်ခုဖြစ်သော Android နှင့် ပတ်သက်၍ မည်သည့် စည်းကမ်းသတ်မှတ်ချက်နှင့် ပြုပြင်ပြောင်းလဲမှုမျိုးကိုမှ တောင်းဆိုခဲ့ခြင်း မရှိပေ။ လက်ရှိ တရုတ် နိုင်ငံတွင် Android ကို ကျော်လွှားနိုင်သည့် OS platform မရှိသေးသော်လည်း Baidu ကဲ့သို့သော ပြည်တွင်း ကုမ္ပဏီအချို့ကလည်း Android ကို ကျော်လွှားနိုင်မည့် ကိုယ်ပိုင် platform ကို စမ်းသပ်နေကြောင်းလည်း MIIT မှ ပြောကြားခဲ့သည်။
ဟေမာ
Ref & Credit to Internet Journal