Samsung Galaxy S4 ကိုမကြာမီ မိတ်ဆက်တော့မည်ဟု သတင်းထွက်ပေါ်။

12:07 PM
တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီး Samsung သည် ၎င်း၏ နာမည်ကျော် Galaxy S စီးရီး စမတ်ဖုန်း မျိုးဆက်သစ်ကို မကြာမီ စတင် မိတ်ဆက်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ မတ်လ (၁၄) ရက်နေ့တွင် ပြုလုပ်မည့် အခမ်းအနား တစ်ခု၌ Galaxy S4 ကို Samsung က မိတ်ဆက်သွားမည်ဟု ခန့်မှန်း သတင်းများ ပျံ့နှံ့လာခဲ့သည်။ Samsung သည် Galaxy S3 ကို ထုတ်လုပ် ရောင်းချရာတွင်မူ အောင်မြင်မှုများစွာ ရရှိခဲ့သလို Apple ၏ iPhone စီးရီးများကို ဈေးကွက်အတွင်း အဓိက စိန်ခေါ်သည့် စမတ်ဖုန်းအဖြစ်လည်း ရပ်တည်လာနိုင်သည်။
Samsung အနေဖြင့် Galaxy S3 ၏ ဝယ်လိုအား ကောင်းမွန်နေဆဲ အချိန်တွင်ပင် Galaxy S4 ကို မိတ်ဆက် ရောင်းချခြင်းဖြင့် ဈေးကွက် အားကောင်းမှုကို အရှိန်မြှင့်တင်ဖွယ် ရှိနေကြောင်း လေ့လာသူများက ဆိုသည်။ အတည်မပြုနိုင်သော ကောလာဟလ သတင်းအချို့က Samsung သည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် Samsung က Galaxy S4 အတွက် မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း ဖော်ပြလျှက် ရှိသည်။ ယင်းကို Samsung ဘက်မှမူ တစ်စုံတစ်ရာ အတည်ပြုခြင်း မရှိသေးချေ။
“မတ်လ (၁၄) ရက်နေ့က မိတ်ဆက်ပွဲအတွက် အမှန်တကယ် တိတိကျကျ ဖြစ်နိုင်လောက်တယ်။ Samsung နဲ့ နီးစပ်သူတွေဆီက ရလာတဲ့ သတင်းကို ကိုးကား ဖော်ပြခဲ့ပေမယ့် နေရာကတော့ အတိအကျ မပြောနိုင်သေးဘူး။ Samsung ဟာ နောက်ထပ် နည်းပညာ ထုတ်ကုန်သစ်၊ တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး မိတ်ဆက်မှာ ဖြစ်သလို Galaxy S4 လည်း ပါလာမယ်လို့ သတင်းကြီးနေပါတယ်” ဟု The Verge သတင်းဌာနက ဖော်ပြခဲ့သည်။ Samsung ၏ Galaxy S4 သည် (၅) လက်မအရွယ် ရုပ်ထွက် အရည်အသွေးမြင့် Touchscreen Display၊ Memory 2GB၊ Quad-Core Exynos 5440 Processor များဖြင့် တည်ဆောက်လာဖွယ် ရှိနေကြောင်းလည်း လေ့လာသူများက ခန့်မှန်းထားခဲ့သည်။
 Ref & Credit to Planet Myanmar News