ယခုလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား တာဝန်မှ
ဆန္ဒအလျောက် နားခွင့်ပြုလိုက်ခြင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ဝန်ကြီး
အပြောင်းအလဲ ဖြစ်လာဖွယ်ရှိခြင်းကြောင့် ဈေးနှုန်းချထားပေးခြင်း မရှိသေးသည့်
မိုဘိုင်းဖုန်း ဈေးနှုန်းကို လူအများ စိတ်ဝင်စားမှု ပိုမိုလာကြောင်း
သိရသည်။ ပြည်ထောင်စုဝန်ကြီးကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း
ဝန်ကြီးဌာနမှ အနားယူခွင့် ပြုလိုက်ခြင်းကြောင့် ယခင် ဒုဝန်ကြီး
ဦးသောင်းတင်ဝန်ကြီး ဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြပြီး ၎င်းဝန်ကြီးဖြစ်လာပါက
မိုဘိုင်းဖုန်းဈေး ပိုမို သက်သာလာမည်ဟု အများပြည်သူများက
မျှော်လင့်နေကြခြင်း ဖြစ်သည်။ အသက် ၄၀ ဝန်းကျင် စီးပွားရေးလုပ်ငန်းရှင်
တစ်ဦးက “ဆက်သွယ်ရေးက ဖုန်းတွေ ဈေးချပေးမယ်ဆိုလို့ သတင်းတွေ
စောင့်ဖတ်နေတာ၊ ဘယ်တော့ ဈေးချမလဲဆိုပြီး၊ အခုတော့ ဆက်သွယ်ရေးဝန်ကြီးနဲ့
ပတ်သက်ပြီး အပြောင်းအလဲဖြစ်လာပြီ။ ဝန်ကြီးအသစ် ရွေးချယ်တော့မယ်ဆိုတော့
အရင်ဒုဝန်ကြီးထဲက တစ်ယောက်ဖြစ်လာမယ်ထင်တယ်။ ဒုဝန်ကြီးကလည်း အရင်
အိုင်တီလောကက လာတဲ့သူတစ်ယောက် ပါတယ်ဆိုတော့ သူပဲဖြစ်လာမယ်ထင်တယ်။
သူသာဆိုရင် အရမ်းကောင်းမယ် ထင်ပါတယ်။ သူက ပညာရှင်တစ်ဦးလည်း ဖြစ်တယ်ဆိုတော့
ဖုန်းဈေးတွေ ဒီထက်သက်သာမလားလို့ မျှော်လင့်မိပါတယ်” ဟု သူ၏ အမြင်ကို
ပြောသည်။
ယခုလက်ရှိ ဒုဝန်ကြီးတစ်ဦးဖြစ်သူ ဦးသောင်းတင်သည် ပြည်တွင်း
အိုင်တီလောကအတွင်းမှ အစိုးရအဖွဲ့သို့ ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး
ဒုဝန်ကြီးမဖြစ်ခင် တစ်ပတ်ခန့်အလိုက မိုဘိုင်းဖုန်းများကို
ငွေကြေးတစ်စုံတစ်ရာ ယူရန်မသင့်ဘဲ အလကားပေးသင့်သည်ဟု ပြောခဲ့ခြင်းဖြစ်ရာ
ယင်းအချက်ကလည်း စိတ်ဝင်စားမှု တိုးတက်လာခြင်း ဖြစ်သည်။ “ပြောရရင် နှစ်သိန်း
ဖုန်းတွေကို နယ်ကလည်း အဝယ်လိုက်ပါတယ်။ ရန်ကုန်ကတော့ လူနေထူထပ်တော့
ပိုအရောင်းသွက်တာပေါ့။ လာမယ့်နှစ်မှာ ဖုန်းတွေ ဈေးချမယ်ဆိုတော့
ဝယ်လိုအားကတော့ ရှိမှာပဲ။ ရန်ကုန်ကတော့ ရောင်းအား အကောင်းဆုံးပဲဖြစ်မှာပါ”
ဟု မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်တစ်ဦးက
ဆိုပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ကျပ်ငါးသိန်းဖြင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂
ခုနှစ် မတ်လက စတင်ပြီး မိုဘိုင်းဖုန်းများကို GSM ဖုန်းများအတွက်
ကျပ်နှစ်သိန်း၊ WCDMA ဖုန်းများအတွက် ကျပ်နှစ်သိန်းခွဲဖြင့်
ချထားပေးခြင်းဖြစ်သည်။
KZ
Ref & Credit to: Net Guide Journal