ပြည်တွင်း၌ မိုဘိုင်းဖုန်း အမျိုးအစား ခြောက်မျိုးကို အသုံးပြုလျက်ရှိကြောင်း သိရ

12:38 PM
ပည်တွင်း၌ မိုဘိုင်းဖုန်း အမျိုးအစား ခြောက်မျိုး စုစုပေါင်း လိုင်းခြောက်သန်း နီးပါးကို အသုံးပြုလျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်း အချက်အလက် နည်းပညာဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ မိုဘိုင်းဖုန်းလိုင်း အမျိုးအစားများမှာ CDMA 450 MHz (လိုင်း ၆၂၃၉၀၀)၊ CDMA 800 MHz (လိုင်း ၂၀၀၀၀)၊ CDMA 800 WLL (လိုင်း ၃၈၆၂၅၀)၊ MC 400 (လိုင်း ၅၄၅၆၀)၊ WCDMA (လိုင်း ၇၃၈၀၀၀)၊ GSM (လိုင်း ၃၆၁၄၈၀၀) တို့ဖြစ်ပြီး စုစုပေါင်း လိုင်းပေါင်း ၆ သိန်းနီးပါးတို့ကို လက်ရှိ အသုံးပြုလျက် ရှိကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းများ အပြင် ဖက်စ်ဖုန်းလိုင်း၊ ကြိုးဖုန်းလိုင်းများကိုပါ အသုံးပြုလျက် ရှိပြီး တစ်နိုင်ငံလုံးအားဖြင့် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်း စာရင်းဇယားများအရ သိရသည်။
“လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင် GSM က အသုံးပြုလို့ အကောင်းဆုံးပါပဲ။ အရင်တုန်းကတော့ CDMA 450 MHz နဲ့ CDMA 800 MHz တွေကို လူကြိုက်များပေမယ့် အခုတော့ လူကြိုက်နည်းသွားပြီ” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ ဦးကိုကိုအောင်က ပြောသည်။ မိုဘိုင်းဖုန်းလိုင်းများ အသုံးပြုရာတွင် ဖုန်းအမျိုးအစား အများအပြားကို အသုံးမပြုတော့ဘဲ နိုင်ငံတကာ ကွန်ရက်အဖြစ် ဂျီအက်စ်အမ် ဖုန်းများကိုသာ အသုံးပြုတော့ရန် စီစဉ်နေကြောင်း၊ ထပ်မံ ချထားပေးတော့မည့် မိုဘိုင်းဖုန်းလိုင်းများတွင် ဂျီအက်စ်အမ်ဖုန်းများသာ အများစု ပါဝင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ဖူးသည်။
“CDMA 800 MHz က လိုင်းရော၊ အင်တာနက်စနစ်ပါ အရင်ကလောက် မကောင်းတော့ဘူး။ လက်ရှိမှာလည်း ဝယ်မယ်ဆိုရင် ပွဲစားတွေလက်ထဲ မနည်းရှာရမယ်။ အခု GSM ကိုပဲ အများဆုံး အသုံးပြုနေကြပါတယ်” ဟု Mobile Bank မှ ဦးတင်မောင်လတ်က ပြောသည်။ ပြည်တွင်း အသုံးပြုလျက် ရှိသော အိတ်ချိန်းများအဖြစ် လက်ရှိ နိုင်ငံတကာ အိတ်ချိန်း နှစ်ခု၊ ပြည်တွင်းအိတ်ချိန်း (၉၁၅) ခု၊ တစ်ဆင့်အိတ်ချိန်း (Transit Exchange) (၁၁) ခု၊ ကျေးလက်ဒေသ ဖုန်းအိတ်ချိန်းပေါင်း (၂၃၄) ခုနှင့် မိုဘိုင်းအိတ်ချိန်း (၁၀) ခုတို့ကို အသုံးပြုလျက် ရှိကြောင်း အထက်ပါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်း အချက်အလက် နည်းပညာ ဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
ထွန်းထွန်း
Ref & Credit to Internet Journal